Apple ရဲ့ iPhone က ကမ္ဘာကိုပြောင်းလဲစေခဲ့သောအချက်(၁၀)ချက်

6800

Apple ရဲ့ပထမဆုံး iPhone ကို ၂၀၀၇ ခုနှစ် ဇွန်လ ၂၉ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ Apple ဟာ iPhone ကြောင့် ပြိုင်ဘက်တွေ အားလုံးကို

နောက်ကောက်ချနိုင်ခဲ့ပြီး မိုဘိုင်းတော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။ ထုတ်ကုန်သစ်ကြောင့် လုပ်ငန်းပိုင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်း တော်တော်များများ ပြောင်းလဲခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က iPhone နဲ့ Google Android တွေပေါ်ပေါက်မှုကနေ ဖြစ်ပေါ်လာတဲ့ ရိုက်ခတ်မှု ၁၀ ခုကို အောက်မှာဖော်ပြ လိုက်ပါတယ်။

(၁) iPhone က လူတိုင်းရဲ့အိတ်ကပ်ထဲကို အင်တာနက် ထည့်သွင်းပေးခဲ့ပါတယ်။

ပထမဆုံး iPhone ကို စတိဗ်ဂျော့စပြီး မိတ်ဆက်တုန်းက မိုဘိုင်းဖုန်းတော်လှန်ရေးဆိုပြီး ရည်ညွှန်းခဲ့ပါတယ်။ ဒါ့အပြင် touch control တွေပါဝင်တဲ့ မျက်နှာပြင်ကျယ် iPod ပါဝင်သလို ဆက်သွယ်ရေး အင်တာနက်ထုတ်ကုန်လည်း ဖြစ်တယ်လို့ စတိဗ်ဂျော့က ပြောခဲ့ပါတယ်။

iPhone ဟာ ကမ္ဘာကို အကြီးအကျယ်ရိုက်ခတ်ခဲ့တဲ့ အင်တာနက်အသုံးပြုနိုင်တဲ့ထုတ်လုပ်လည်း ဖြစ်လာပါတယ်။ အဲ့အချိန်က မိုဘိုင်းဈေးကွက်ကိုလွှမ်းမိုးနေတဲ့ Ericsson ကိုသုံးစွဲမှုဟာ တဖြည်းဖြည်း နှေးကွေးသွားပါတယ်။ မိုဘိုင်းအင်တာနက် သုံးစွဲမှုကလည်း iOS နဲ့ Android app တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကြောင့် အရမ်းကို မြင့်တက်လာခဲ့ပါတယ်။

(၂) iPhone က အပျော်တမ်းဓာတ်ပုံရိုက်ကူးမှုကို လူတွေရဲ့နေ့စဉ်ဘဝမှာပါဝင်လာဖို့ ပြောင်းလဲပေးခဲ့ပါတယ်။

စမတ်ဖုန်းတွေဟာ လူတိုင်းရဲ့အိတ်ကပ်ထဲကို ကင်မရာကောင်းတွေနဲ့ဓာတ်ပုံပြင်တဲ့ app တွေကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ဓာတ်ပုံရိုက်ကူးသူတွ ဖြစ်လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ လူမှုရေးမီဒီယာတွေ ပေါ်လာတာကြောင့် ဓာတ်ပုံတွေကိုတင်ဖို့ နေရာနဲ့ အကြောင်းတရားတွေ ရှိလာပါတယ်။

ဒီနှစ် ကမ္ဘာတစ်ဝန်းမှာ ဒီဂျစ်တယ်ဓာတ်ပုံပေါင်း ၁.၂ ထရီလီယံ ရှိလာနိုင်ပါတယ်။ အဲဒီထဲက ဓာတ်ပုံပေါင်း ၈၅ ရာခိုင်နှုန်းဟာ ဖုန်းနဲ့ ရိုက်ကူးထားတယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ KeyPoint Intelligence ကထုတ်ပြန်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ ဒီဂျစ်တယ်ဓာတ်ပုံတွေဟာ ၄၀၀ ဘီလျံပဲ ရှိပါတယ်။

(၃) iPhone App Store က software ဖန်တီးမှုနဲ့ ဖြန့်ချိမှုပုံစံကို ပြောင်းလဲစေခဲ့ပါတယ်။

Apple ဟာ iPhone ထွက်ရှိပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ App Store ကို app အရေအတွက် ၅၀၀ နဲ့ စပြီး လွှင့်တင်ခဲ့တယ်။ အခုဆိုရင် App Store မှာ app ၂.၁ သန်း ရှိပါတယ်။ ပြိုင်ဘက် Android ရဲ့ Google Play မှာလည်း app အရေအတွက် ၃.၄ သန်းရှိတယ်လို့ App Annie က ထုတ်ပြန်ခဲ့ပါတယ်။

Apple ဟာ ဖုန်းကို ဘဏ်တစ်ခုကနေ ဗီဒီယိုဂိမ်းစက်အထိ ပြောင်းလဲပေးခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ပထမပတ်မှာ App Store နဲ့ Google Play အတွင်း in-app purchase နဲ့ download ပြုလုပ်မှု ဝင်ငွေဟာ ဒေါ်လာ ၁၀.၅ ဘီလျံအထိ မြှင့်တက်လာပါတယ်။ အဲဒီဝင်ငွေထဲမှာ in-app ကြော်ငြာနဲ့ Amazon က ကုန်ပစ္စည်းဝယ်ယူတာ ဒါမှမဟုတ် Uber တက္ကစီ စီးတာတို့ မပါသေးပါဘူး။

(၄) လူတွေရဲ့ အလုပ်လုပ်ပုံကို iPhone app တွေက ပြောင်းလဲခဲ့ပါတယ်။

၁၉၉၀ ခုနှစ်နောက်ပိုင်းတွေမှာ အင်တာနက်သုံးစွဲမှု ပထမဆုံးမြင့်တက်လာမှုနဲ့အတူ on-demand အလုပ်တွေ များလာပါတယ်။ စမတ်ဖုန်းတွေမှာ GPS ချစ်ပ်တွေပေါ်လာတဲ့အထိ on-demand အလုပ်တွေ မတွင်ကျယ်သေးပါဘူး။ Uber လိုမျိုး on-demand marketplace app တွေက အခွန်အတွက် ပြင်ဆင်ပေးတဲ့ Intuit နဲ့ပူးပေါင်းပြီး on-demand လုပ်သားအချက်အလက်ကို ကောက်ယူပေးပါတယ်။

လက်ရှိ အမေရိကန်မှာ on-demand လုပ်သား ၄ သန်းခန့်ရှိပြီး နောက်လေးနှစ်အကြာမှာ ၂ ဆအထိ မြင့်တက်လာဖို့ရှိပါတယ်။

(၅) iPhone ဟာ ပီကေရောင်းအားကို ကျဆင်းစေခဲ့ပါတယ်။

စူပါမားကတ်က ငွေသိမ်းကောင်တာတွေမှာ မဂ္ဂဇင်းတွေ၊ သကြားလုံးတွေနဲ့ ပီကေတွေကို တင်ထားလေ့ရှိပါတယ်။ စားသုံးသူတွေက အဲဒီနေရာကိုရောက်ရင် ပီကေတွေနဲ့ သကြားလုံးတွေကို အမှတ်တမဲ့ ဝယ်ယူတတ်ပါတယ်။ ကျွန်တော်တို့ဟာ စမတ်ဖုန်းတွေကို အသုံးပြုနေတာကြောင့် ပျင်းရိမှုကို ဖြေဖျောက်ဖို့ ပီကေကို မဝယ်ယူတော့ကြပါဘူး။ ပီကေရောင်းအားဟာ iPhone ထွက်လာတဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဈေးကွက်သုတေသနကုမ္ပဏီ Euromonitor International က ဖော်ပြခဲ့ပါတယ်။

(၆) iPhone တွေကို စွဲစွဲလန်းလန်း အသုံးပြုချင်သူ များပြားလာပါတယ်။

လူတွေဟာ အရင်ကထက်စာရင် မီဒီယာသုံးစွဲမှုအတွက် အချိန်အများကြီး သုံးစွဲလာကြပါတယ်။ ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံတဲ့အခါ မီဒီယာအကူအညီ မပါဝင်ဘူး။ အခုဆိုရင် လူမှုရေးမီဒီယာနဲ့ မိုဘိုင်းချိတ်ဆက်မှုတွေပေါ်မှာ လူတွေနဲ့ ရင်းရင်းနှီးနှီး ဖြစ်နေကြပါပြီ။ မိုဘိုင်းပေါ်မှာ အချိန်သုံးစွဲမှုက စာဖတ်တာနဲ့ တီဗီကြည့်တာစတဲ့ အခြား မီဒီယာလုပ်ဆောင်မှုကို လျော့ကျစေပါတယ်။

(၇) ကြော်ငြာလုပ်ငန်းကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။

အင်တာနက်ဟာ ကမ္ဘာတစ်ဝန်းက ကြော်ငြာအသုံးပြုမှုအများဆုံး တီဗီလို သမားရိုးကျကြော်ငြာ platform တွေမှာ အစားဝင်ရုံတင်မဟုတ်ဘဲ အင်တာနက်ကြော်ငြာကိုယ်တိုင်က အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။ မိုဘိုင်းကြော်ငြာအတွက် ငွေကြေးသုံးစွဲမှုက ဒီနှစ်မှာ desktop ကို ကျော်တက်သွားပါတယ်။

(၈) iPhone က Apple လုပ်ငန်းကို ပြောင်းလဲစေခဲ့ပါတယ်။

Apple ဟာ ၂၀၀၆ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေ ဒေါ်လာ ၁၉.၃ ဘီလျံကနေ အမြတ်ငွေ ဒေါ်လာ ၁.၉ ဘီလျံရရှိခဲ့ပါတယ်။ အများစုက iPod နဲ့ Mac ကပါ။ ကုမ္ပဏီရဲ့စီးပွားရေးဟာ ဆယ်နှစ်အတွင်းမှာ ၁၀ ဆ တိုးတက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝင်ငွေ ဒေါ်လာ၂၁၅.၆ ဘီလျံကနေ အမြတ်ငွေ ဒေါ်လာ ၂၅.၆ သန်းအထိ ရလာပါတယ်။ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ iPhone ရောင်းချမှုဟာ ထုတ်ကုန်အားလုံးရဲ့ ၆၃ ရာခိုင်နှုန်း အထိရှိခဲ့ပါတယ်။

(၉) iPhone ကြောင့် Apple က ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

iPhone ကို စတင်မိတ်ဆက်ခဲ့တုန်းက Apple ဟာ ရုန်းကန်နေရပါတယ်။ အဲ့အချိန်တုန်းက iPod ဟာ ကုမ္ပဏီရဲ့ အဓိကရောင်းကုန် ဖြစ်ပေမယ့်လည်း ၂၀၀၈ ခုနှစ်လောက်မှာတော့ iPhone က အရောင်းရဆုံးထုတ်ကုန်ဖြစ်လာပါတယ်။ အခုဆိုရင် Apple ဟာ Exxon Mobil ထက် တန်ဖိုးနှစ်ဆနဲ့ General Electric ထက် တန်ဖိုးသုံးဆ မြင့်မားနေပါတယ်။

(၁၀) iPhone က Android ဂေဟစနစ်ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်ပါတယ်။

လက်ရှိအချိန်မှာ iPhone ထက် ဈေးနှုန်းသက်သာတဲ့ ပြိုင်ဘက်တွေအများကြီး ရှိလာတာကြောင့် ရောင်းအားက နှေးကွေးနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ Apple က ဖုန်း ၂၄၁ သန်းရောင်းချခဲ့ရပေမယ့် Samsung ကတော့ အလုံးရေ ၄၀၄ သန်း ရောင်းချခဲ့ရတယ်လို့ သုတေသနကုမ္ပဏီ Canaccord Genuity က ထုတ်ပြန်ခဲ့ပါတယ်။ iPhone ကြောင့် Samsung တို့လိုကုမ္ပဏီတွေ အောင်မြင်မှုရရှိခဲ့ပြီး BlackBerry နဲ့ Nokia တို့ကတော့ ကျဆုံးသွားခဲ့ရပါတယ်။

Source: Internet

မူရင်း Post 

https://www.ictdirectory.com.mm/articles/item/159-change-to-the-world-for-i-phone.html

Facebook Comments
4K Shares