နိုင်ငံကူး Passport သက်တမ်းတိုးခြင်း အတွေ့အကြုံ

616

နိုင်ငံကူး Passport သက်တမ်းသွားတိုးမည့်သူများ လွယ်လွယ်ကူကူရအောင် လမ်းညွှန်ပေးမယ့် အကြောင်းပါ။

မှတ်ချက် ၁ ။ ။ မထွက်ခင် ဘုရား၊ တရား၊ သံဃာ အာရုံပြုပြီး Myanmar Passport Office က Staff များကို မေတ္တာ ပို့ပေးပါ။ 🙂

မှတ်ချက် ၂ ။ ။ စစ်မှုထမ်းသား၊သမီးတွေဆိုရင်၊ နည်းနည်းလေး ခက်ခဲလိမ့်မယ်ထင်တယ် ခင်ဗျ။ သည်းခံနိုင်တဲ့ အပြုံးလေး အမြဲဆောင်ထားနော်…။

#Passport_အသစ်လျှောက်ချင်ရင်တော့_ကောင်တာနံပါတ်ကွဲလွဲသွားတာလေးပဲဖြစ်ပြီး_ကျန်တာအကုန်_တူတူပဲနော်

လိုအပ်ချက်
=======
၁) မှတ်ပုံတင် မူရင်း (မိတ္တူ ၄စောင်) အပြင်မှာ တစ်ခါတည်း ကူးလာပါ။

၂) အိမ်ထောင်စုစာရင်း (မိတ္တူ ၄စောင်) အပြင်မှာ တစ်ခါတည်း ကူးလာပါ။

၃) မိမိသက်တမ်းတိုးမယ့် Passport စာအုပ် အဟောင်းကိုလည်း အထက်ပါနည်းတူစွာ မိတ္တူ ၄စောင်) အပြင်မှာ တစ်ခါတည်း ကူးလာပါ။

ဘာလို့ ကူးလာခိုင်းတာလည်း ဆိုရင်၊ အလုပ်ရှုပ်သက်သာအောင်ပါ။ ပြီးတော့ မြန်မြန်လည်း ပြီးတယ်လေ။

ကဲ…စပြီနော်…။

ကျွန်တော် Passport Office ကို ၁၁း၃ဝ လောက်မှာ ရောက်ပါတယ်။ မိတ်ဆွေတို့အနေနဲ့၊ မွန်းလွဲပိုင်းလောက်မှ လာလည်းရတယ်။

ရုံးရောက်ပြီဆိုတာနဲ့ အဝင်ဝနားမှာ ရှည်လျားစွာ တန်းစီစောင့်နေတဲ့သူတွေကို တွေ့ရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း သွားတန်းစီလိုက်ပါ။

၁) မှတ်ပုံတင်မူရင်းနှင့် သန်ခေါင်စာရင်း မူရင်းကို ဂိတ်အဝင်ဝမှာ ပြပါ။ ပြီးရင် အထဲဝင်ခိုင်းမယ်။

၂) ပြီးတာနဲ့ အထဲနည်းနည်းဝင်သွားရင်၊ သင့်မှတ်ပုံတင် မူရင်းကို ပေးပြီး၊ Camera နဲ့ ပုံတစ်ပုံ သူတို့ ရိုက်ယူပါလိမ့်မယ်။

၃) ပြီးရင်တော့ အဲ့ဒီ အရှေ့တည့်တည့်မှာပဲ လူနှစ်ဦးစားပွဲခုံနောက်မှာ ထိုင်နေတာကိုတွေ့လိမ့်မယ်။ သူ့တို့ဆီမှာ ဖြည့်ရမယ့် ဖောင်ကို တောင်းရပါမယ်။

၎) ရရှိလာတဲ့ ဖောင်ထဲမှာ ပါတဲ့အချက်ကို အကုန်ဖြည့်နော်…။ မဖြည့်ခဲ့ရင်တော့ – နောက်ဆုံးအဆင့်မှာ သင်တိုင်ပတ်နေလိမ့်မယ်။ (ကျွန်တော့်ကိုယ်တိုင်တောင် တိုင်ပတ်နေလို့ ဒေါသဇောနဲ့ ငိုချင်စိတ်တောင် ပေါက်တယ်။) 😊

၅) ပြီးတာနဲ့ ကောင်တာ နံပါတ် (၁)ကို သွားပါ။ သင့်ရဲ့ ဘယ်ဘက်ခြမ်းမှာ တန်းစီပါ။ လူသိပ်မများပါဘူး။ အလှည့်ရောက်ရင် သူတို့ကို ကိုယ့်ရဲ့ မှတ်ပုံတင်၊ သန်းခေါင်းစာရင်း နှင့် နိုင်ငံကူး မှတ်ပုံတင် မိတ္တူတို့ကို ပေးလိုက်ပါ။

အဲ့ဒါပြီးရင် (ဘယ်ဘက်လက်မ) ကို လက်ဗွေနှိပ်ခိုင်းပါမယ်။ ပြီးတာနဲ့ အဲ့ကောင်တာဘေးက အရာရှိက သင့်ရဲ့ Info ကို စစ်ဆေးပြီး၊ ပိုက်ဆံ (၃ဝဝဝ) ကျပ် သွင်းပေးရပါမယ်။ သူတို့သင့်ကို ဖြတ်ပိုင်းတစ်ခုပေးမယ်။ သေချာကိုင်ထားပါ။

၆) ပြီးတာနဲ့၊ အဲ့ကောင်တာ (၁) ဘေးက ဝင်ပေါက်ကျဉ်းကျဉ်းလေးထဲ တိုးဝင်ပြီး၊ အများနည်းတူ ထပ်ပြီး တန်းစီပါ။ မစီရင် အော်ခံရမယ်နော်… 🙂

၇) ပြီးတာနဲ့ ကောင်တာ (၁၄) မှာ ကိုယ့်ရဲ့ Documents တွေကို သွားပြလိုက်ပါ။ သူတို့ စစ်ပြီးတာနဲ့၊ သင့်ကို ငွေသွားသွင်းမယ့်နေရာ သွားခိုင်းပါမယ်။

၈) အပေါ်က အဆင့်ပြီးတာနဲ့၊ ကောင်တာ (၁၄) ရဲ့ ဘယ်ဘက် ခပ်လှမ်းလှမ်းလျှောက်လိုက်ရင်၊ မြန်မာ့စီးပွားရေး ဘဏ်ဆိုတာကို တွေ့လိမ့်မယ်။ အဲ့အထဲမှာ၊ ဝန်ထမ်းတွေ ရှိတယ်။

သူတို့ကို နံပါတ်(၅) အဆင့်က ပေးခဲ့တဲ့ ပြေစာ ဖြတ်ပိုင်းလေးတစ်ခုနဲ့ အတူ၊ ငွေ (၂၅ဝဝဝ) ကျပ် ပေးသွင်းရပါမယ်။ ပြီးတာနဲ့ ငွေချေပြီးကြောင်း အဲ့ပြေစာကို သေချာပြန်တောင်းပါ။

၉) ကဲ…နောက်ဆုံးအဆင့်ပဲ။ ဓာတ်ပုံရိုက်ပြီးရင် ပြီးပါပြီ။ နံပါတ် (၈) အဆင့်ပြီးတာနဲ့၊ ဓာတ်ပုံရိုက်မယ့် နေရာကို ရှာရမှာပါ။ ဓာတ်ပုံရိုက်တဲ့ နေရာတွေမှာ – လူတွေ အုံ့အုံ့ကျပ်ကျပ်နဲ့ တိုးဝှေ့တန်းစီနေတာကို တွေ့ရပါမယ်။ စိတ်မပူပါနဲ့။

ဒီအဆင့်ရောက်ရင် ဘုရား၊ တရား အာရုံပြုပြီး သူတို့ကို မေတ္တာပို့ပါ။ 😅😅😅

သင့် ကောင်တာ နံပါတ်(၁၅) ကို ရှာလိုက်ပါ။ အဲ့မှာ တန်းစီပြီး ဝင်သွားပါ။ လူအမြဲရှင်းတတ်လို့၊ ပြန်လည် လမ်းညွှန်ပြတာပါ။ အထဲဝင်တာနဲ့ အရာရှိတစ်ယောက်နဲ့၊ ရဲတပ်ကြပ်ကြီးတစ်ယောက်ကို တွေ့ရမှာပါ။

နံပါတ် (၄) မှာရလာတဲ့ ဖောင်ကို အကုန်လုံး ဖြည့်ထားဖို့လိုမယ်နော်…။

၁ဝ) သင့်ရဲ့ INFO တွေ အကုန် စစ်ပြီးရင်တော့၊ ဘေးက တပ်ကြပ်ကြီးက သင့်ကို ဓာတ်ပုံရိုက်ပါလိမ့်မယ်။ ရိုက်တဲ့အချိန် သူစာရွက်လေး ထောင်ပြမယ်။ အဲ့ဒါကို မော့ကြည့်။

ပြီးရင် သူရိုက်မယ်။ ပုံလှလှလေးထွက်ဖို့တော့၊ အလှဆုံးပြုံးထားပေါ့နော်…။ ကျွန်တော်ကတော့ ပြုံးထားလို့ ပုံလှလှလေး ထွက်လာတယ်။
ပြီးတာနဲ့ သင့်ကို အရှေ့လာခိုင်းပြီး၊ အောက်ပါအချက်တွေကို လုပ်ခိုင်းပါမယ်။

-၁) သင့်ရဲ့ လက်မ နှစ်ချောင်းကို သူပြောတဲ့ Finger Scanner စက်လေးပေါ်မှာ တင်ပေးလိုက်ပါ။

-၂) ပြီးရင် သင့်ရဲ့ ညာဘက် လက်၎ချောင်းကို အပေါ်ကအတိုင်း လုပ်ပေးလိုက်ပါ။

-၃) ဘယ်ဘက် လက်၎ချောင်းကိုလည်း အပေါ်ကအတိုင်း လုပ်ပေးလိုက်ပါ။

-၄) ပြီးရင် မျက်လုံး Scan ဖတ်ဖို့ ပြောလိမ့်မယ်။ အဲ့စက်ထဲကို မျက်မှန်တပ်သလို တည့်တည့်ကြည့်ေ ပးလိုက်ပါ။ ပြီးရင် သင် ငွေ (၅ဝဝဝ) ကျပ် ပေးသွင်းရပါမယ်။ ပြီးရင်တော့ ပြီးပါပြီ။

အဲ့ဒီနောက် သင်အောင်မြင်စွာ သက်တမ်းတိုးခြင်းပြီးဆုံးမယ့် စာရွက် ဖြတ်ပိုင်းလေး ပေးပါလိမ့်မယ်။
ဒါဆိုရင်တော့ အခု သက်တမ်းတိုးတဲ့ ရက်ကနေ သူတို့ Due Date ပေးထားတဲ့နေ့မှာ စာအုပ်အသစ်သွားပြန်ထုတ်လို့ရပါပြီ။

ကျွန်တော်ကိုယ်တိုင် ဒီနေ့ ပြုလုပ်ခဲ့တဲ့ အတွေ့အကြုံကို သေချာ ပြန်ရှင်းပြပေးပြီး၊ ဝေမျှပေးရခြင်းသာ။ သင်တို့လည်း အခက်အခဲရှိရင်၊ ဘယ်ကစလုပ်ရမလည်း မသိရင်၊ ကျွန်တော့် ဝေမျှပေးထားတဲ့ Status လေးကို ဝိုင်းဝန်းပြီး အခြားသူများလည်း မြင်သာအောင် ဝေမျှပေးဖို့ တိုက်တွန်းလိုပါတယ်။

စုစုပေါင်းကြာချိန်ကတော့ ၁နာရီကျော်ကျော်လောက်ပါပဲ။ ကျွန်တော်က စစ်မှုထမ်းသား၊သမီးဖြစ်တာကြောင့် အခက်အခဲလေးတစ်ချို့ ဖြေရှင်းနေရတာတွေနဲ့ အချိန် ၂နာရီခွဲလောက် ကြာသွားခဲ့ပါတယ်။ စစ်မှုထမ်းသား၊သမီး ဖြစ်ရတာ တကယ် မလွယ်ပါဘူး။ 🙂

စာအုပ်ထုတ်အပြီး အပါအ၀င် စုစုပေါင်း ငွေ (၃၆ဝဝဝ) ကုန်ကျပါတယ်။ အဲ့ထက် ပိုမကုန်ဘူးနော်။ 🙂

အသစ်လုပ်မယ်ဆိုရင် ၄ သောင်းကျော်ကုန်တယ်။ (12, 1, 2019) ကနေ သူငယ်ချင်းတစ်ယောက်ကို ကူညီပေးရင်း သိလာတာပါ။

This contents is originally shared by Chan Myae Maung

Facebook Comments
684 Shares