အရပ်သား၊ ရဲအရာရှိနှင့် အုပ်ချုပ်ရေးမှူးများကို AA အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်ထုတ်ပြန်ချက်အပေါ် AA ငြင်းဆို

72

ရဲတပ်ဖွဲ့ဝင်များသို့ သတိပေးခဲ့သော်လည်း သတ်ဖြတ်မှု လုံးဝမရှိခဲ့ဟု ပြောရေးဆိုခွင့်ရှိသူပြော

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် အရပ်သားများ၊ ရဲအရာရှိအချို့နှင့် ကျေးရွာအုပ်ချုပ်ရေး ပိုင်းမှ တာဝန်ရှိသူအချို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA) က သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်ထုတ် ပြန်ချက်အပေါ် ကန့်ကွက်ရှုတ်ချ ကြောင်း AA က ထုတ်ပြန်သည်။

မပုံမြို့နယ် ကမ်းထောင့် ကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ်တို့၌ AA က အပြစ်မဲ့အရပ်သားများ ကို သတ်ဖြတ်ဟူသော သတင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ပါ အကြောင်းအရာများသည် မိမိတို့နှင့် ပတ်သက်မှုမရှိကြောင်း AA က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၀ ရက် တပ်မတော်ထုတ်ပြန်ချက်တွင် ကမ်းထောင့်ကြီးမြို့နယ်ခွဲရှိ ဈေးအတွင်း AA က ရက်စက်စွာ ခေါင်းဖြတ်သတ်ထားသည့် အမျိုးသားရုပ်အလောင်းနှစ်လောင်းကို စက်တင်ဘာ ၁၀ ရက် နံနက်၌ တွေ့ရှိခဲ့ရသည်။ ယင်းဖြစ်စဉ်မှာ AA သည် ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမပြုသူနှစ်ဦးကို သတ်ပြီး အလောင်းများအား ဈေးအတွင်း လမ်းလေးခွဆုံ၌ ထားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် အမ်းမြို့နယ်   မဲလက်မောင်းကျေးရွာမှ  အမျိုးသားတစ်ဦးကို စက်တင်ဘာ ၉ ရက် ညတွင် AA အဖွဲ့ဝင် သုံးဦးက ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ယင်းသို့ သတင်းထုတ်ပြန်မှု သည် ရခိုင်ဒေသအတွင်း တိုက်ပွဲများတွင် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှုများနေသည်ကို အာရုံလွှဲစေရန် ပြုလုပ်ခြင်းဖြစ်ပြီး ပြည်သူလူထုအကြား အကြောက်တရားကို ဖန်တီးသောလုပ်ရပ်၊ AA အပေါ် အပြစ်ပုံချသည့် လုပ်ရပ်ဖြစ်သည်ဟု AA က သတင်း ထုတ်ပြန်သည်။

AA ပြောရေးဆိုခွင့်ရှိသူကမူ အရပ်သားများ သတ်ဖြတ်ခြင်း သည် တပ်မတော်က ထောင်ချောက်ဆင်လုပ်ဆောင်ခြင်းဖြစ် ကြောင်းပြောသည်။ ကမ်းထောင့် ကြီး လူသတ်မှုဖြစ်စဉ်တွင် အလောင်းကို လုံခြုံရေးများရှိသည့်ကြားမှ မြို့လယ်ကောင်၌ လာချထားသဖြင့် များစွာသံသယဖြစ်စ ရာရှိပြီး စနစ်တကျ ကြိုတင်ကြံ စည်လုပ်ဆောင်မှု ဖြစ်သည်ဟု သုံးသပ်နိုင်ကြောင်း ခိုင်သုခက ဆိုသည်။

တပ်မတော်ကမူ AAသည် ကမ်းထောင့်ကြီးမြို့နယ်ခွဲနှင့် အမ်းမြို့နယ်သာမက ယခုနှစ် မတ် လ ၁၉ ရက်တွင် ပလက်ဝမြို့နယ်မှ အရပ်သားတစ်ဦး၊ မတ်လ ၂၀ ရက်တွင် မြေပုံမြို့နယ်မှ အရပ်သား တစ်ဦး၊ မတ်လ ၂၃ ရက်တွင် တိမ် ညိုရဲစခန်းမှူးတစ်ဦး၊ မေလ ၁ ရက်တွင် ကျောက်တော်မြို့နယ် ပီကောက်ဝ(ရခိုင်)ကျေးရွာအတွင်း နေထိုင်သည့် တပ်မတော်မှ အငြိမ်းစားတပ်ကြပ်ကြီးတစ်ဦး၊  ဩဂုတ် ၃ ရက်တွင် ကျောက် တော်မြို့နယ် ဆင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ် ကျေးရွာ ရာအိမ်မှူး၊    စက်တင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာမှ အရပ်သား နှစ်ဦး၊ ယိုးတရုတ်ကျေးရွာဈေး အတွင်း ဈေးဝယ်နေသည့် ဒုရဲအုပ် တစ်ဦး စုစုပေါင်း ၁၂ ဦးကို AA က သတ်ဖြတ်ခဲ့သည်ဟု တပ်မ တော်က သတင်းထုတ်ပြန်သည်။

တပ်မတော် ထုတ်ပြန်ချက်ပါ ရက်စွဲအလိုက် ရေးသားထား သည့် စွပ်စွဲချက်များသည် မိမိ တို့နှင့် ပတ်သက်မှု မရှိကြောင်း ထပ်မံငြင်းလိုပါသည်ဟု AA က ထုတ်ပြန်သည်။

‘‘အရင်ဖြစ်ခဲ့တဲ့ဟာတွေမှာ လည်း သူတို့ စစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်တဲ့လူတွေ၊ နောက်ရဲအရာရှိတွေ သေတယ်ဆိုတာလည်း သူတို့မှာ တခြားပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေနဲ့၊ နောက်ပြီးတော့ ဆက်စပ်တဲ့ လုပ်ငန်းတွေ၊ အဲဒါတွေ မကျေနပ်ချက်တွေနဲ့ သူတို့ဟာသူတို့ သတ်ဖြတ်မှုတွေ ဖြစ်ကြတာ။ အဲဒီကိစ္စတွေက ကျွန်တော်တို့နဲ့ လုံးဝပတ်သက်မှုမရှိဘူး’’ ဟု ခိုင်သုခက ပြောသည်။

AA အနေဖြင့် ရဲတပ်ဖွဲ့ဝင် များကို ကျည်တစ်တောင့်နှင့်အ တူ သတိပေးစာများပေးပို့ခဲ့သည်။ AA အဖွဲ့က ကျည်တစ်တောင့်နှင့် အတူ သတိပေးစာပေးပို့ခံရသည့် မြောက်ဦးမြို့နယ် တိမ်ညိုကျေး ရွာ ရဲစခန်းမှူး ဒုရဲအုပ်ကျော်ကျော် လှသည် မတ်လ ၂၃ ရက်တွင် ထမင်းဆိုင်၌ ထိုင်နေစဉ် ပစ်ခတ်လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

‘‘အရင်တုန်းက ကျွန်တော်တို့က ရဲတွေကို သတိပေးချက် ထုတ်ပြန်တယ်ဆိုတာက ဒါက သူတို့အနေနဲ့ လက်ရှိ ဖြစ်နေတဲ့ ဟာတွေကိုဆက်မဖြစ်ဖို့၊ ပြည်သူလူထုတွေအပေါ် အနိုင်ကျင့်တာ တွေ ရပ်ဖို့အတွက် သတိပေးရုံ သက်သက်ပဲ။ သတိပေးတယ်ဆိုတဲ့ ဟာက စေတနာအရင်းခံနဲ့ ကျွန်တော်တို့ သတိပေးတာဖြစ်တယ်။ သတ်ဖြတ်တဲ့အဆင့်မျိုး ကျွန်တော်တို့ဘက်က လုပ်တာမရှိဘူးဗျ’’  ဟု  ခိုင်သုခက ပြောသည်။

တပ်မတော်ထုတ်ပြန်ချက် တွင် AA  အနေဖြင့် ၎င်းအဖွဲ့ကို ထောက်ခံအားပေးမှု မရှိသည့် ဒေသခံပြည်သူများအား မကြာခဏ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ တပ်မတော်စစ်ကြောင်းများနှင့် တပ်စခန်းများကို ရွာသားများ အသွင်ဖြင့် အရပ်ဝတ်ဖြင့် တိုက်ခိုက်ခြင်း၊ အများပြည်သူအသုံး ပြုနေသည့် လမ်း၊ တံတားများ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်နေ ကြောင်း ဖော်ပြထားသည်။

‘‘တောမီးလောင် တောင် ကောင် လက်ခမောင်းခတ် ဆိုသ လိုမျိုး ဒီနေ့ တပ်မတော်က AA ကို လွှဲချသလို AA ကလည်း တပ်မတော်ကို လွှဲချတယ်။ သို့သော် လည်း ဒီနေ့အချိန်အခါသည်၊ ဒီလိုဖြစ်လာတာသည် တိုက်ပွဲတွေရဲ့ အကျိုးကြောင့်လို့ ပြောလို့ရပါ တယ်။ ဆိုတော့ ဒီနေ့အချိန်အခါ အချင်းချင်း ရန်ဖြစ်လို့ ညဘက် သတ်သွားခဲ့ပေမယ့် တရားခံ မရှိဖြစ်နေတယ်။ ဆိုတော့ တရား ဥပပဒေစိုးမိုးမှုအပိုင်းကိုပါ သွားထိတဲ့အပိုင်းရှိတယ်’’ ဟု မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က မှတ်ချက်ပြုသည်။

တရားဥပဒေစိုးမိုးမှုရှိစေရန် တိုက်ပွဲများ မဖြစ်မနေ ရပ်ဆိုင်းပြီး တည်ငြိမ်အေးချမ်းရန် လိုအပ် ကြောင်း ၎င်းက ဆိုသည်။

‘‘တရားဥပဒေ စိုးမိုးမှုရှိမှ ဘယ်နေ့က ဘယ်နေရာမှာ အခင်းဖြစ်တယ်။ ဘယ်သူတွေ လုပ်တယ်ဆိုတာကို သက်ဆိုင်တဲ့၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက စုံစမ်းအဖြေ ထုတ်နိုင်ဖို့ဖြစ်တယ်။ ဒီနေ့အချိန်အခါမှာ ၀ိုးတ၀ါးဖြစ်နေကြခြင်း သည် ဒီစစ်ပွဲတွေရဲ့ ဆိုးကျိုးကြောင့်လို့ ပြောလို့ရပါတယ်’’ ဟု ဦးလှသိန်းအောင်က ပြောသည်။

Facebook Comments
37 Shares